အိပ်ခန်းထဲ၌ စလောင်းတီဗီမှ အင်တာဗျူးတစ်ခု လာနေသည်။ ၄င်းအင်တာဗျူးကို စိတ်ဝင်တစား နားထောင်မိခဲ့သည်။ သဘောကျသည်။
ယင်းအင်တာဗျူးတွင် မူကြိုကျောင်းမှ ဆရာမငယ်တစ်ယောက်ကို မေးမြန်းခြင်းဖြစ်သည်။
ပြထားသော နောက်ခံလှုပ်ရှားမှုတွင် ကလေးငယ်များက မြက်ခင်းပေါ်တွင် ဆော့ကစားနေကြသည်။
'' ဆရာမ တာဝန်ထမ်းတာ ကြာပြီလား ''
'' (၃) နှစ်လောက်ရှိပြီ ''
'' ဘာတာဝန်ယူရသလဲ ''
'' ကလေးတွေရဲ့ စရိုက်သဘာဝကို သူတို့စရိုက်အမှန်အတိုင်း မိဘတွေသိဖို့၊ ကလေးတွေကိုယ်တိုင်သိဖို့ တာဝန်ကို ယူရတယ် ''
'' မူကြိုဆရာမအလုပ်ကို ဘာကြောင့်ရွေးချယ်ဖြစ်တာလဲ ''
'' နောင်တစ်ချိန်မှာ တန်ဖိုးအရှိဆုံး လူသားတွေဖြစ်လာမဲ့ ကလေးငယ်တွေကို အသေအချာ လေ့လာခွင့်၊ ထိတွေ့ခွင့်ရတဲ့ အလုပ်ဆိုတာ မူကြိုဆရာမ အလုပ်ပဲရှိတာလေ။ ဒါကြောင့် မူကြိုဆရာမ အလုပ်ကို ကျွန်မရွေးချယ်တာ ''
'' ဒီထက်ပိုပြီး ရှင်းပြလို့ရမလား ''
'' ကလေးဆိုတာ ချစ်စရာကောင်းတယ်။ အားကိုးစရာ ကောင်းတယ်။ ကြောက်စရာလည်း ကောင်းတယ်ရှင့် ''
'' ဘာကြောင့်လဲ ''
'' ရိုးသားလို့ ချစ်စရာကောင်းတာလေ။ အနာဂတ်အတွက် ပညာတက်တွေ၊ ပညာရှင်တွေဖြစ်လာမှာမို့ အားကိုးစရာလည်း ကောင်းတယ် ''
'' ဒါဖြစ်ရင် ဘာလို့ ကြောက်စရာကောင်းတာလဲ ''
'' ဒီကလေးတွေ ယဉ်ကျေးလိမ္မာခြင်းမရှိပဲ ကြီးလာခဲ့ရင် အားလုံးအတွက် ရန်သူဖြစ်နိုင်လို့ပဲ။ အရှေ့တိုင်းစာပေမှာ
အမွေခံ သားဆိုးသမီးဆိုးကို ရန်သူထဲမှာ ထည့်ထားတာဖတ်ဖူးတယ်။ ဒီတော့ ကလေးဆိုတာ ကျွန်မတို့ ပညာရေးပေါ်လစီမှားရင် ရန်သူဖြစ်လာနိုင်တယ်။ ဒါကြောင့် ကြောက်တာ ''
'' ဟုတ်တယ်နော်...ဆက်ပြောပါဦး ''
'' ကျွန်မက ဒါ့ကြောင့် ဆရာမအလုပ်ကို နှစ်သက်တာ။ ရောက်စတုန်းကတော့ စိတ်ညစ်တာပေါ့ရှင်။ မျောက်တွေ၊
ကျားတွေကို ထိန်းနေရတဲ့အတိုင်းပဲ။ တဖြည်းဖြည်းနဲ့ သူတို့ရဲ့ ချစ်စရာအမူအကျင့်တွေကြောင့် ချစ်တက်လာတယ်။ ဒီလိုပဲ ကိုယ့်ရဲ့ တာဝန်ကို ကိုယ်ကိုယ်တိုင် ကျေနပ်လာတဲ့အတွက် ပျော်လာတယ် ''
'' ပညာရေးရဲ့ အဓိကရည်မှန်းချက်က ဘာလဲဗျ။ ခင်ဗျားနားလည်သလို ပြောပြစမ်းပါ ''
'' ကျွန်မ အယူအဆကို ပြောပြမယ်နော်၊ ပညာရေးရဲ့ အဓိက ရည်မှန်းချက်ဆိုတာ ဧကရာဇ်ဘုရင်ကြီးတွေ မွေးဖွားပေးဖို့လည်း မဟုတ်ဘူး၊ မဟာသူဋ္ဌေးမင်းကြီးတွေ ပေါ်ပေါက်လာဖို့လည်း မဟုတ်ဘူး၊ မဟာပညာကျော်ကြီးတွေ
ဖြစ်လာဖို့လည်း မဟုတ်ဘူး၊ ပညာရေးရဲ့ အဓိကရည်မှန်းချက်ဟာ တိုင်းပြည်အနေနဲ့ ပြောရမယ်ဆိုရင် နိုင်ငံသူ နိုင်ငံသား
ကောင်းတွေ မွေးထုတ်ပေးဖို့ပဲ။ လူတွေကို ချစ်တက်လာအောင် သင်ပေးဖို့ပဲ။ အိမ်တစ်အိမ်အနေနဲ့ ပြောရမယ်ဆိုရင် သားကောင်းသမီးကောင်း၊ မိသားစုကောင်းဖြစ်အောင် သင်ပေးခြင်းဟာ အခြေခံပညာရေးရဲ့ ရည်မှန်းချက်ပဲ''
'' ခင်ဗျားဖြေတာ တော်တော်ကောင်းတာပဲ။ ဆက်ပြီး မေးခွင့်ပြုပါ ''
'' ရပါတယ် ''
'' လစာ ဘယ်လောက်ရပါသလဲ ''
'' ဒီမေးခွန်းကတော့ မမေးသင့်ဘူးထင်တယ် ''
'' ဒီလိုပါ...၀န်ထမ်းတစ်ယောက်ဟာ လာစာလုံလောက်စွာ မရရင် အကျင့်ပျက်နိုင်တယ်။ အကျင့်ပျက်ဝန်ထမ်းဆိုတာ သူ့အလိုလို ဖြစ်လာတာ မဟုတ်ဘူး။ ခေတ်အခြေအနေနဲ့ လာစာ ညီမျှမှုမရှိခြင်းဟာ အကျင့်ပျက်ဝန်ထမ်းကို မွေးဖွားပေးတက်တယ်။ ဒါကြောင့်မေးတာပါ ''
'' လာစာက လုံလောက်ပါတယ်၊ ခံစားခွင့်တွေလည်း အပြည့်အ၀ ပေးထားတယ်လေ။ ဒီတော့ ကျွန်မတို့ဘက်က ကိုယ်လုပ်တဲ့အလုပ်အပေါ်မှာ စေတနာလည်း ပါသင့်တယ်။ ၀ါသနာလည်း ပါသင့်တယ်။ ကိုယ့်အလုပ်ကို ကိုယ်တန်ဖိုးထားတက်ဖို့လည်း လိုတယ်၊ ဒါမှ ၀န်ထမ်းကောင်းဖြစ်မှာရှင့် ''
'' ဆက်ပြီးမေးပါရစေ ''
'' ကောင်းပါပြီ ...မေးပါရှင် ''
'' ကလေးတွေက ဥာဏ်ရည်ဘယ်လိုနေသလဲ ''
'' ပြန်ပြီးမေးပါ၊ မေးခွန်းကို နားမလည်လို့ပါ ''
'' ကလေးတွေက တော်သလား၊ ညံသလားလို့ ဆိုလိုတာပါ ''
'' ဒါဆိုရင် ရှင့်ကို ကျွန်မ မေးခွန်းတစ်ခု ပြန်မေးမယ်။ နှင်းဆီပန်းနဲ့ စံပယ်ပန်း ဘယ်ပန်းက ပိုလှသလဲ ''
'' ဘာဆိုင်လို့လဲ ''
'' ဖြေကြည့်ပါ ''
'' နှင်းဆီပန်းက လှတာပေါ့ ''
'' ကျွန်မမေးတာက နှင်းဆီပန်းနဲ့ စံပယ်ပန်း။ ဘယ်ပန်း ပိုလှသလဲလို့ မေးတာလေ ''
'' ဖြေပြီးပြီလေ။ နှင်းဆီပန်းက လှတယ်လို့ ''
'' ကျွန်မမေးတာ ဘယ်ပန်းကို ပိုကြိုက်သလဲလို့ မေးတာမဟုတ်ဘူး။ ရှင်က...ရှင်ကြိုက်တဲ့ နှင်းဆီပန်းကိုပဲ လှတယ်လို့ ပြောနေတယ် ''
'' ဟုတ်သားပဲ။ ကျုပ်က နှင်းဆီပန်းကို ကြိုက်တာဗျ၊ ဒါ့ကြောင့် နှင်းဆီပန်းကို လှတယ်လို့ ဖြေလိုက်မိတာပဲ ''
'' တကယ်တော့ နှင်းဆီပန်းလည်း လှသလို စံပယ်ပန်းလည်း လှတာပါပဲရှင်၊ ကလေးတွေကို တော်သလား၊ ညံသလားဆိုတဲ့ မေးခွန်းဟာ လူကြီးတွေ ဘယ်တော့မှ မမေးသင့်တဲ့ မေးခွန်းပဲ။ သူ့အလှနဲ့သူ အားလုံးလှကြပါတယ်။ ကျွန်မတို့လူကြီးတွေကသာ လူငယ်တွေကို တန်ဖိုးထားတက်ကြဖို့ ပိုပြီးလိုအပ်တယ်။ ဘာပဲပြောပြော ကလေးတွေအားလုံး မညံကြပါဘူး။ သူတို့မှာ ကျွန်မတို့နဲ့ မတူတဲ့ စိတ်ကူးစိတ်သန်းတွေ ရှိနေကြပါတယ်။ လူငယ်တွေရဲ့ စိတ်ကူးစိတ်သန်းဆိုတာ တိုင်းပြည်တစ်ပြည်ရဲ့ သယံဇာတ တစ်ခုပါပဲရှင့်။ အဲဒီ စိတ်ကူးစိတ်သန်းတွေကို ဖျက်ဆီးမပစ်ဖို့ပဲ လိုတယ်။ လူငယ်တွေရဲ့ အိပ်မက်တွေကို တည်ဆောက်ပေးရခြင်းဟာ နိုင်ငံတစ်ခုရဲ့ တာဝန်ပဲရှင့် ''
'' ခင်ဗျားက ဆရာမလုပ်သက် အနည်းငယ်သာ ရှိပေမယ့် မေးခွန်းတွေရဲ့ အဖြေကို စနစ်တကျ ဖြေတက်တယ်နော် ''
'' စာဖတ်လို့ပါ ''
'' ဘာစာတွေ ဖတ်သလဲ ''
'' အစုံဖတ်တယ်၊ အားရင် ကျွန်မက စာဖတ်တယ် ''
'' ဒါနဲ့ မေးရအုံးမယ်၊ အိုဘားမားကို နှစ်သက်သလား ''
'' နှစ်သက်ခဲ့ပါတယ် ''
'' နောက်ထပ်တစ်ကြိမ်အတွက် ထပ်ပြီှး နှစ်သက်နိုင်ပါဦးမလား ''
'' ဒါကတော့ မပြောနိုင်ဘူးရှင့်၊ သူ့အပြောနဲ့ သူ့အလုပ်ကို စောင့်ကြည့်ရမှာပဲ၊ အပြောနဲ့ အလုပ်ညီရင်တော့ တစ်မျိုးပေါ့၊ အပြောတစ်ခြား၊ အလုပ်တစ်ခြား ဆိုရင်လည်း တစ်မျိုးပေါ့လေ ''
'' သမ္မတကြီးနဲ့ ခင်ဗျားနဲ့ တိုင်းပြည်အတွက် ဘယ်သူက ပိုအရေးကြီးသလဲ ''
'' တိုင်းပြည်အတွက်ဆိုရင်တော့ သူရော၊ ကျွန်မရော၊ ရှင်ရော၊ ဒီနိုင်ငံမှာ ရှိတဲ့ လူတွေအားလုံး အတူတူပဲ အရေးကြီးတယ်။ ရှင့်မေးခွန်းက တစ်ခုခု လိုနေသလိုပဲ။ ဒီနိုင်ငံမှာနေ၊ ဒီမြေ၊ ဒီရေ၊ ဒီလေနဲ့ အသက်ရှင်ကြသူအချင်းအချင်း အားလုံးအတွက် အားလုံးအရေးကြီးတယ်။ အားလုံး အရေးကြီးတယ်။ အားလုံးအရေးပါတယ်။ အားလုံးကောင်းမှ အားလုံးကောင်းမှာပေါ့။ တစ်ဦးတစ်ယောက်၊ တစ်သင်းတစ်ဖွဲ့ ကောင်းရုံနဲ့ အားလုံးမကောင်းနိုင်ပါဘူး ''
'' အောရိုက်စ်။ ကောင်းလိုက်တဲ့ အဖြေဗျာ။ နောက်ဆုံးမေးခွန်းတစ်ခု မေးပါရစေ ''
'' မေးပါ ''
'' သမ္မတကြီးနဲ့ ခင်ဗျား တိုင်းပြည်အတွက် ဘယ်သူကပိုပြီး တာဝန်ရှိသလဲ ''
'' ဒါကလည်း ရှင်းရှင်းလေးပါ၊ ကျွန်မကပိုပြီး တာဝန်ရှိတာပေါ့ ''
'' ဘာကြောင့်လဲဗျ၊ ခင်ဗျားအဖြေက တစ်မျိုးကြီးပါလား ''
'' ဟုတ်တယ်ရှင့်၊ သမ္မတတို့၊ ၀န်ကြီးချုပ်တို့၊ အမတ်တို့ဆိုတာ ပါတီနောက်ခံတစ်ခုနဲ့ ရွေးချယ်ခြင်းခံရပြီး
တာဝန်အပ်နှင်း ခံရတဲ့သူတွေလေ။ (၄)နှစ်သက်တမ်းအတွင်းမှာကို တာဝန်က ရပ်စဲခြင်းခံရနိုင်တာပဲ။ နောက်ထပ်(၄)နှစ်ဆိုတာ ဘာမှမသေချာဘူးလေ။ ကျွန်မတို့က နိုင်ငံဝန်ထမ်းတွေရှင့်။ ပင်စင်မယူမချင်း အလုပ်လုပ်ကြရမှာ။ တိုင်းပြည်အတွက် ကျွန်မတို့ဝန်ထမ်းတွေက ပိုပြီး တာဝန်ရှိတာပေါ့ရှင့်။ ၀န်ထမ်းကောင်းမှ တိုင်းပြည်ကောင်းမှာရှင့် ''
'' ကျေးဇူးတင်ပါတယ်၊ ခင်ဗျားအဖြေကို သဘောကျပါတယ် ''
'' ကျွန်မကလည်း ဖြေဆိုခွင့်ရလို့ ကျေးဇူးတင်ပါတယ် ''
.....................................................................................................
တစ်ခါတစ်ရံတွင် လူတို့သည် ကိုယ့်တန်ဖိုးကို ကိုယ်မသိကြ။
ကိုယ့်နေရာကိုယ် တန်ဖိုးမထားကြ။ ကိုယ့်တာဝန်ကို ကိုယ်မသိကြ။
သားငယ်လေး
Popular Posts
-
ုမြန်မာလူမှုပတ်ဝန်းကျင်မှာ လိင်ဆက်ဆံရေး အကြောင်း ပွင့်လင်းမြင်သာမှု နည်းလွန်းတာကြောင့် သိသင့်သိထိုက်တာကို မသိဘဲ လုပ်ဆောင်မှုတွေကြောင့် ဘ၀ပျက်၊ ...
-
ခတ်ကြီး တခုလုံးရဲ့ အပျက်အစီးမှာ ကျွဲကူးရေပါ အရက်က ယဉ်ကျေးမှုရဲ့ မျက်နှာစာ ဖြစ်လာခဲ့တယ်။ တိုင်းပြည် တဝန်း လမ်းပန်း ဆက်သွယ်ရေး တွေသာ ချောမွေ့ မ...
-
မိန်းမကောင်းအင်္ဂါ (၆၄) ရပ် ================== ယင်းတို့ ကား (၁)ခြေလက္ခဏာ = ၁၃ ရပ် (၂)ကိုယ်လက္ခဏာ = ၁၆ ရပ် (၃)စိတ်လက္ခဏာ = ၆ ရပ် (၄)လက်ဖ၀ါးလ...
-
ကျောက်ကျော - Gelatine ကတွတ်ယို - Kaduk Jam ဖရုံယို - Vegetable marrow/ Candy နှမ်းပျစ်ယို - Sesame brittle မြေပဲယို - Groundnut brittle...
-
ဝေရောစန ကျောက်စိမ်းစေတီတော် ******************** မန္တလေးတိုင်း အမရပူရမြို့နယ် ဆင်ရွာ မြင်းမှူးကျေးရွာ ဆင်ရွာကွင်း ကွင်းအမှတ်( ၆၂၈ ) ရန်ကု...
Labels & Blog Archive
Ebook
(4)
MP3သီချင်းများ
(1)
mp4
(1)
ကဗျာစာစု
(5)
ကျန်းမာရေးဆောင်းပါး
(11)
ဓမ္မဆောင်းပါး
(6)
ဖုန်းapkများ
(10)
ဗဟုသုတ
(36)
Follow by email
GET FREE EMAIL UPDATES
အင်တာနက်စာမျက်နှာများ
TRANSLATE
MEMBER
Powered by Blogger.




